Sunday, December 1, 2013

ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ကိုးကွယ်ယုံကြည်မှုများ (၂)




အရင် ပထမပိုင်းကတော့ နတ်ကိုးကွယ် ယုံကြည်မှုတွေ အကြောင်း အစပျိုးခဲ့ပါတယ် ။
အခု အဲဒီ နတ်ကိုးကွယ် ယုံကြည်မှုတွေ ဘယ်က စတင်လာခဲ့သလဲဆိုတာလေး ပြောပြပါ့မယ်။
နတ်ဆိုတာ ပါဠိ ဝေါဟာရဖြစ်သော ‘နာထ’ ဆိုသော စကားလုံးက ဆင်းသက်လာတာပါ ။
အဓိပ္ပါယ်ကတော့ ကိုးကွယ်ရာ ၊ ဆည်းကပ်ရာ လို့ အနက်ဆောင်ပါတယ် ။ လောကမှာ
နတ်သုံးမျိုး ရှိပါတယ် ၀ိသုဒ္ဓိ နတ် ဆိုတာကတော့ ဘုရား ၊ ရဟန္တာ တို့ဖြစ်ပြီး ၊ ဥပပတ္တိနတ်မှာ
တော့ အထက်အရပ်မှာရှိသော နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာပြည်က နတ်ဗြဟ္မာတို့ကို ပြောတာပါ ။
သမ္မုတိ နတ် ကတော့ တိုင်းပြည်အုပ်ချုပ်သော မင်းကို ဆိုလိုတာပါ ။ ဒါက ပါဠိမှာ ဖော်ပြထားသော
နာထ ဆိုသော နတ်များပါ ။ ထို နတ်သုံးမျိုးကတော့ ကိုးကွယ် ဆည်းကပ်ရမယ့် နတ်များဖြစ်ကြပါတယ်။
အခု ကျွန်တော်တို့ သိမြင်နေကြသော (ဘယ်သူက သတ်မှတ်လိုက်မှန်းမသိတဲ့ )
အတွင်း ၃၇ မင်း အပြင် ၃၇ မင်းဆိုတာတွေက တကယ်တော့ ၀ိနိပါတိက ပြိတ္တာ အပါယ်ဘုံ
သားတွေပါ  ဒါတွေကို ကျွန်တော်တို့ အသေအချာ သိဖို့ လိုပါတယ် ။ ဒါပေမယ့် ဒီနတ်ကိုးကွယ်
မှုက ကမ္ဘာဦး အချိန်ကတည်းက ရှိခဲ့တာဖြစ်ပြီး မိတ်ဆွေတို့ သိတဲ့အတိုင်း ကမ္ဘာဦးခေတ်
လူသားတွေက ယနေ့ ခေတ် လူသားတွေလို အသိဥာဏ်ပညာ မကြွယ်ဝကြပါဘူး ဒီတော့
သူတို့ မှာ ကိုးကွယ်ယုံကြည်မှုဆိုတာကြီးက သူတို့၏ တောတောင်ရေမြေကိုသာ
ကိုးကွယ်ရာဟု ထင်ကြပါတယ် အဲဒီကနေ အစပြုလို့ နတ်ကိုးကွယ်မှုတွေ ဖြစ်ပေါ်လာခဲ့ရာ
ယနေ့ တိုင်အောင်ပါ ။မြန်မာနိုင်ငံမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့် ကတည်းက
ရှိနေခဲ့တာပါ ဗိဿနိုးခေတ် ၊ ပျူခေတ် ၊ သရေခေတ္တရာ ၊ ပုဂံခေတ် စသည့် ခေတ်များတွင်လည်း
ရှိခဲ့ပါတယ် ။ မှတ်မှတ်ရရ ပုဂံခေတ်တွင် အနော်ရထာမင်းက ရှင်အရဟံကို ပင့်ဆောင်ကာ
ထေရ၀ါဒ သာသနာ ပြန့်ပွားအောင် ဆောင်ရွက်ချိန်တွင် ပုဂံရှိ နတ်ရုပ်များကို သိမ်းဆည်းကာ
အဆောက်အဦ တစ်ခုတွင် စုပုံထားလိုက်ပါသည် ။ ထိုအဆောက်အဦကို ‘နတ်လှောင်ကျောင်း’
ဟုတ်ခေါ်တွင်စေခဲ့ပါသည် ။ သို့သော် ကျွန်တော်သိသော နတ်ကတော် နတ်ယုံကြည်သူ
များကတော့ နတ်လျောင်းကျောင်း ဟု အမည်နာမ ပြောင်းကာ ခေါ်ကြပါသည်။ နတ်တွေကို
လှောင်တာကို စကားလုံးအသံ တူသလိုလိုနဲ့ အဓိပ္ပါယ်ပြောင်းအောင် လုပ်တာပါ ။
အမှန်တော့ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကံ ကံ၏ အကျိုးကို
ယုံကြည်ကြသူတွေဖြစ်ပါတယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်  မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မယ် ဒါကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြမှာပါ ဒီစကားလေးကို
အလွယ်ပြောကြပေမယ့် တကယ်တမ်းဗုဒ္ဓဘာသာမှာ မကောင်းတာလုပ်ပြီး
မကောင်းတာ မခံကြရအောင် လုပ်နေတာတွေ အများကြီးပါ ။ ဒီလိုဆို ကျွန်တော်တို့ စဉ်းစားသင့်
ပြီ စိစစ်သင့်ပြီ ။ ကိုယ့်လောက်မှ ဘုန်းကံမရှိသော အပါယ်ဘုံသားတွေကို လက်အုပ်မိုးကာ
ရှိခိုးနေမှာလား? သီလ သမာဓိမရှိ ၊ ပုံစံအမျိုးမျိုးဖြင့် ယောက်ျားတွေကိုမြူဆွယ်နေသော ၊
မဟုတ်သော စကားလုံးများကို နှုတ်ကြမ်းလျှာကြမ်း ပြောတတ်သော နတ်ကတော်ဟု
ဆိုကြသည့် အခြောက်များကို ရှိခိုး ကန်တော့သင့်သလား? ငွေတွေလှူသင့်သလား?
အများကြီး စဉ်းစားဖို့ လိုပါတယ် ဗုဒ္ဓဘာသာက သဘာဝ တရားပါ သဘာဝ မကျသော နည်းလမ်း
များကို ဘုရားက တစ်စိုးတစိမျှ ဟောကြားတော် မမူခဲ့ပါ ။ လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီ
ဖြည့်ကျင့်ခဲ့သော ကျွန်တော်တို့၏ မြတ်စွာဘုရားထက် မည်သူအပင်ပမ်းခံပြီး သတ္တ၀ါတွေကို
ကယ်တင်ခဲ့သလဲဆိုတာ မိတ်ဆွေတို့ ကြားဖူးကြပါသလား? ။ နတ်ကိုးကွယ် ယုံကြည်မှုတွေ
အပြင် မဟာယန ဗုဒ္ဓဘာသာတို့၏ အတတ်ပညာများဖြစ်သော ဗေဒင် ၊ ယတြာ ၊ ဓါတ်ရိုက် ဓါတ်ဆင် ၊
စသဖြင့် နည်းမျိုးစုံ လိမ်လည် လှည့်ဖြားမှုတွေကို ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်
အများစု ခံစားနေရပါတယ် ။ အိန္ဒိယနိုင်ငံဟာ မြတ်စွာဘုရားရဲ့ ဖွား ၊ပွင့် ၊ ဟော ၊စံ ခဲ့တဲ့ နိုင်ငံပါ။
သို့သော် ယနေ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အိန္ဒိယမှာ ကွယ်ခဲ့ပါပြီ ဒါတွေဟာ ဘာကြောင့်
ဘုရားသာသနာ ကွယ်ခဲ့သလဲ တွေးတောကြည့်ပါ ယုတ္တိမရှိသော သဘာဝမကျသော
နည်းလမ်းတွေနောက်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ကျင့်သုံးလာကြသဖြင့် သရဏဂုံ
ပျက်ကာ ထေရ၀ါဒ ဆိုတာ မရှိတော့ပါ မဟာယန ဂိုဏ်းတွေသာ ရှိနေပါတော့တယ်။
ကျွန်တော် ဟိုတစ်လောကမှ facebook မှာ status လေး တင်မိလိုက်တယ်
‘ဗေဒင်ကိုယုံတယ် ယတြာကို မယုံဘူး လက်ခံလား သူငယ်ချင်းတို့’ လို့ ရေးခဲ့မိပါတယ် ။
ကျွန်တော်မှားယွင်းသောစာကြောင်းတစ်ကြောင်း ရေးခဲ့သည်ဟု အခုချိန်ထိပင်
နောင်တရ နေဆဲပါ ။ တကယ်တမ်း ကျွန်တော့ကိုယ် ကျွန်တော် ပြန်လည် စမ်းစစ်မိတော့မှ
ဗေဒင်ဆိုတာကြီးကို ငါယုံတယ်လို့ ပြောလိုက်ကတည်းက သရဏံဂုဏ် ပျက်ပြီလို့
သိလိုက်ရပါတယ် ဒါပေမယ့် မသိလို့ မှားခဲ့ဖူးတာတွေ ကို သိတဲ့အချိန်မှာ ဆင်ခြင်ပြီး
နောက်မမှားအောင် နေလိုက်လျှင်ပင် အတော်လေး စိတ်သက်သာသွားပြီး
အော် ငါဗုဒ္ဓဘာသာ နဲ့ နည်းလမ်းမကျတာ ဘာရှိသေးသလဲဆိုတာတွေ ပိုလေ့လာဖြစ်
သွားပါတယ် ။ အခုကျွန်တော်ရဲ့ ဆောင်းပါးလေးကို ဖတ်လိုက်ရသော မိတ်ဆွေထဲမှာ
နတ်ကိုးကွယ် ယုံကြည်သူ ဘိုးတော် ၊ မယ်တော် ကိုးကွယ်သူတွေနဲ့ ဗေဒင် ယတြာ
ယုံကြည်သူတွေ ပါခဲ့လျှင် ဗုဒ္ဓမြတ်စွာဘုရား သာသနာ အတွင်းမှာ မဟုတ်မမှန်တဲ့
အယူဝါဒတွေလို့ သိမြင်ပြီး ဆင်ခြင်နိုင်လျှင်ပင် အတော်လေး အကျိုးထူးသွား ပါလိမ့်မယ်။
‘‘ဟာ ငါတို့က ငယ်ငယ်ကတည်းက အခုအချိန်ထိ ယုံကြည်လာတာ နတ်မမြှောက်ရင်
ငါတို့ကို တစ်ခုခု လုပ်မှာပေါ့’’ စသဖြင့် ပြောကြတယ် ဒါဆို ကျွန်တော် အပေါ်မှာ
ဆန်းစစ်ပြတာလေးကို သေချာပြန်ဖတ်ပြီး မိမိစိတ်ထဲက ဖြေကြည့်ပါ ။
ကျွန်တော်လည်း မကြာသေးမှီ အချိန်ကာလက ခြေမကိုင်မိ လက်မကိုင်မိနဲ့
တကယ့်အားကိုးရာ အစစ်အမှန်ဖြစ်တဲ့ ဘုရားကို မယုံကြည်သလိုတောင်
ဖြစ်ခဲ့မိပါတယ် စာမေးပွဲအောင်စာရင်းထွက်ခါနီးအချိန်ပေါ့ ကျွန်တော်ဖြေနိုင်ခဲ့ပေမယ့်
တစ်ဘာသာ မဖြေနိုင်ခဲ့ဘူး ဒါပေမယ့် အောင်မယ် ကျမယ်ဆိုတာ စိတ်ထဲမှာ
မိမိကိုယ်တိုင်တောင် မဝေခွဲနိုင်ဖြစ်နေတာ ။ ကျသွားခဲ့ရင် အိမ်က မိဘတွေ
ဆူပူမယ့် ဒဏ်တွေ ပတ်ဝန်းကျင်က ကဲ့ရဲ့မယ့် အရာတွေကို တွေးပြီး
စာမေးပွဲအောင် အောင် ဘိုးတော်တွေကို အားကိုးချင်သလိုလို ယတြာတွေကို
အားကိုးချင်သလိုလိုတွေတောင် ဖြစ်ခဲ့မိပါတယ် ဒါပေမယ့် ဟိုးအရင်ကတည်းက
ဒီဟာတွေကို အယုံအကြည်မရှိခဲ့သူဖြစ်လို့ တခဏလေးပဲ တွေဝေမှု ဖြစ်ခဲ့ရပါတယ် ။
အချိန်တန်တော့လည်း ကိုယ်ဖြေနိုင်ခဲ့တဲ့အတွက် ကိုယ်အောင်မြင်ခဲ့တာပါပဲ ။
မိတ်ဆွေတို့လည်း ဒီအတိုင်းပါပဲ ဒီကောင် စာထဲမှာရေးထားတာတော့
ဟုတ်တာပေါ့ကွာ တကယ်ကျင့်ဖို့က လွယ်တာမှ မဟုတ်တာလို့ ပြောကြပါ
လိမ့်မယ် ဟုတ်ပါတယ် တကယ်ကျင့်ဖို့က မလွယ်ဘူးဆိုတာ ပတ်ဝန်းကျင်မှာကိုက
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ နည်းပါးနေတာ ဆိုတော့ မိမိအတုယူ
ရမယ့် အရာတွေ မရှိဖြစ်ကာ ယုံချင်တိုင်း ယုံ တွေးတိုင်းမှန်သည်ဟု ထင်မြင်မိနေတာပါ ။
အကယ်၍ မိတ်ဆွေတို့ စိတ်မှာ  ရှေးရိုး အစွဲမှားကြီးတွေ ၊
 ရတနာသုံးပါးအပြင် အခြားကိုးကွယ်ယုံကြည်မှုတွေ
ကျန်သေးတယ် ကျွန်တော်ပြောပြထားတာတွေ နားမလည်သေးဘူးဆိုလျှင် ဓမ္မကထိက
 ဆရာတော်များ ကို ရဲဝံ့စွာ လျှောက်ထားမေးမြန်းတော် မူကြပါ ။
မဖြေပေးသော ဆရာတော်များတော့ မရှိပါ တကယ်တတ်ကျွမ်းလို့
ဓမ္မကထိက လုပ်နေသော ဆရာတော်များဖြစ်ပါတယ် ။ဒါမှမဟုတ် ကျွန်တော့်ကိုလည်း
 ဆက်သွယ် မေးမြန်းနိုင်ပါတယ် ကျွန်တော်သိသမျှ ဆို နားလည်အောင်
ဆွေးနွေးနိုင်ပါတယ် ။ တစ်စုံတစ်ယောက် လမ်းမှန်ရောက်သွားလျှင်ပင်
ဗုဒ္ဓသာသနာ ပိုမိုထွန်းလင်းတောက်ပလာနိုင် သဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်
 များအားလုံးက ပျော်ရွှင်မဆုံး ဖြစ်ကြမှာပါ ဒီတော့ မိမိ မသိတာ မရှင်းတဲ့ အရာတွေကို သိသည်
တတ်သည် ဟုထင်သော လူ ၊ ရဟန်း ၊ ပုဂ္ဂိုလ် များထံတွင် မေးမြန်းရပါလိမ့်မယ်
 သို့သော် သူတို့ပြောလို့ ယုံကြည်လိုက်သည်ဟု
စိတ်ထဲမထားပါနဲ့ မိမိကိုယ်တိုင် စဉ်းစားပြီးမှ ယုံကြည်ဖို့အတွက် မြတ်စွာဘုရားက
အဂုင်္တ္တရနိကာယ် ၊ တိကနိပါတ် ၊ ကေသမုတ္တိသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
အချက် ၁၀ ချက်ရှိပါတယ် --
(၁)အဆင့်ဆင့် ပြောဆိုလာခဲ့သည့် ရှေးစကားကြောင့်လည်း
(၂)အစဉ်အဆက်ကျင့်သုံးလာသည့် ဓလေ့ထုံးစံကြောင့်လည်း
(၃)သူတစ်ပါးပြောတိုင်း မစူးစမ်းမစစ်ဆေးခြင်းဖြင့်လည်း
(၄)ကျမ်းဂန်စာပေဖြင့် ရေးသားဖော်ပြထားသည် ဆိုသော်လည်း
(၅)မိမိအတွေးအကြံတိုင်းကိုလည်း
(၆)မှီရာနည်းနိဿယများ အားလုံးကိုလည်း
(၇)မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်းအထောက်အထားပေးပြီး
ခိုင်လုံလှပြီဆိုတိုင်းလည်း
(၈)မိမိတွေးတော လက်ခံထားသောအယူအဆနှင့်တစ်စုံတစ်ယောက်၏
အယူအဆ ထပ်တူညီပါသည် ဟုဆိုတိုင်းလည်း
(၉)ထင်ရှားကျော်ကြားပြီး လူအများချစ်ခင်လေးစားရသော ပုဂ္ဂိုလ်ကြီးတို့၏ စကားပဲဟုဆိုတိုင်းလည်း
(၁၀)ငါတို့ လေးစားအားထားရတဲ့ ငါတို့ဆရာရဲ့ စကားပဲဟု ဆိုတိုင်းလည်း
 အရမ်းကြီး လက်မခံရန် ဆိုဆုံးမထားပါသည် ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်စစ်ဆိုလျှင်
မိမိပြုမူနေသည့် အရာတိုင်းကို စမ်းစစ်ဖို့ လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆောင်းပါးသဘောမျိုး
ရေးရတာဖြစ်သည့်အတွက် စာရှည်သွားရင် အဆင်မပြေလို့ အပိုင်းလိုက် ဆက်လက်ရေးပါ့မယ် ။
ဖတ်သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်တော်သိထားသော အသိပညာများနှင့်
စာပေကျမ်းဂန်များမှ ဖတ်ဖူးသော အယူဝါဒများ ကျွန်တော်၏ ကိုယ်တွေ့ အဖြစ်အပျက်
များကို ရေးသားသွားမှာပါ ။ရေးသားခဲ့သည်များ မရှင်းလင်းသည်များနှင့် လိုအပ်ချက်များကိုမှု
ကျွန်တော့်အား ပြောကြားနိုင်ပါတယ် ။။ ကျမ်းကိုးစားရင်းများကတော့ များစွာသော စာအုပ်များမှ
ဖတ်ဖူးသော အရာများဖြစ်သောကြောင့် ကျမ်းကိုးစာရင်းများကိုတော့ မမှတ်မိသဖြင့် မရေး
တော့ပါ ဒါပေမယ့် ကျွန်တော်သည် စာမဖတ်ပဲ သိလာခဲ့ခြင်းမဟုတ်ပါ စာအုပ်များစွာမှ
အသိပညာရရှိခဲ့သဖြင့် မမှတ်မိတော့လို့ မရေးတော့ဘဲ ဒီဆောင်းပါးလေးဖြင့် ရတနာသုံးပါးအပါအ၀င်
မိဘ ၊ ဆရာများအားလုံးကို ကန်တော့လိုက်ရပါတယ်ခင်ဗျာ။

အောင်ကျော်ခိုင်(ပုသိမ်)


Friday, June 21, 2013

မိမိကိုယ်ကို အားကိုးပါ

မိမိကိုယ်ကို မိမိ ကျွန်းသဖွယ်ဖြစ်အောင် လုပ်ပါ။မိမိကိုယ်ကို မိမိသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။တရားကိုသာ မှီခိုစရာ၊ ထောက်ရာတည်ရာ ကျွန်းသဖွယ် မှတ်ပါ။တရားကိုသာ ကိုးကွယ်စရာ၊ မှီခိုအားထားစရာ ဖြစ်ပါစေ။တခြား ဘာကိုမှ ကိုးကွယ်စရာ၊ အားထားစရာအဖြစ် မမှတ်ယူပါနဲ့။ကိုယ့်မှာ ခန္စာကိုယ်အင်အားတွေ ရှိတယ်။ စိတ်ဓါတ်အင်အားတွေရှိတယ်။ အသိဥာဏ်အင်အားတွေ ရှိတယ်။ အဲဒီအင်အားတွေကို ကောင်းတဲ့နေရာမှာ အပြည့်အ၀ သုံးနေရမယ်။ သုံးနေရင် ထွက်နေမယ်။ မသုံးဘဲထားရင် ကြာရင် မထွက်တော့ဘူး။သက်သာရင် အစွမ်းအစ မထွက်တော့ဘူး။ အစွမ်းအစဆိုတာ မရမကညှစ်ထုတ်မှ ထွက်တယ်။ နှမ်းကနေ ဆီထွက်အောင် ကြိတ်ပြီး ထုတ်သလို ထုတ်ရတယ်။ ဒါကြောင့် အစွမ်းအစထွက်ချင်ရင် သူများကို အားမကိုးပဲ တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုးပါ။ပြတ်သားတဲ့ ဦးတည်ချက်ရှိရင် လောကီ ဦးတည်ချက်ပဲဖြစ်ဖြစ်၊ လောကုတ္တရာ ဦးတည်ချက်ပဲဖြစ်ဖြစ် တစ်သက်လုံးလုပ်မယ်။ ကိုယ်ရောစိတ်ပါ လုပ်မယ်။ အချိန်ရှိသရွေ့ လုပ်မယ်။ ဘယ်တော့မှ အလျော့မပေးဘူး ဆိုတဲ့စိတ်နဲ့သာ လုပ်ကြည့်၊ ဖြစ်ကိုဖြစ်တယ်နော်။ လူမှာ အင်မတန်ကြီးမားတဲ့ စွမ်းရည်သတ္တိတွေရှိတယ်။

Wednesday, May 22, 2013

လောကဓမ္မတာ


လောက ကြီးမှာ ငွေကြေးချမ်းသာသူက ငွေကြေးဆင်းရဲသူကို ဖိနှိပ်ကြတယ်
အင်အားကြီးမားသူက အင်အားနည်းသူကို အနိုင်ကျင့်ကြတယ် ဒါဓမ္မတာပဲ
ကျွန်တော့်မိဘတွေက အဲဒါမျိုးတွေကြုံတွေရင် ပြန်မလှန်ပါနဲ့ လို့ပြောထားတယ် သူတို့နဲ့ ဂုဏ်ငွေတူတဲ့အချိန်ကျမှ သာ မိမိ မခံချင်တာတွေဖွင့်ဟပါတယ် အခုလိုအချိန် မခံချင်လို့ ပြန်လှန်ရင် ကျားအောက်က နွားလိုပဲဖြစ်မယ် နွားက လက်ရုန်းရင် ကျားက လက်ကိုကိုက်ခဲမယ် ကျားက ခြေရုန်းရင် ခြေကို ခဲမယ်တဲ့


-ဂဠုန်မင်း

Sunday, May 19, 2013

အမှားနှင့် သင်ခန်းစာ


လောကမှာ အမှားကင်းသူမရှိဘူး ဆိုပေမယ့်  
မှားပြီးသား အမှားကို နောက်မမှားအောင် 
သင်ခန်းစာယူတတ်တဲ့လူ တော်တော်နည်းပါတယ် 
သူများမှားတာကို အတုယူပြီး ကိုယ်မမှားအောင်နေတတ်သူလည်းရှိတယ်
ကိုယ်မှားပြီးမှ နောက်မမှားအောင် နေတတ်သူလည်းရှိတယ်
ကို ကိုယ်တိုင် မှားတာတောင်မှ သင်ခန်းစာ မယူတတ်သူကတော့
လူမိုက်ဖြစ်သွားပြီ....
-ဂဠုန်မင်း

တန်ဖိုး


တန်ဖိုးသိမှ တန်ဖိုးရှိမယ်တဲ့
ကိုယ် လုပ်နေတာတွေက တန်ဖိုးရှိရဲ့လား
ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်ပြီး လက်ရှိ တန်ဖိုးထက်
ပိုမြင့်အောင့် လုပ်နိုင်ရင် သင်ဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်ပါ

-ဂဠုန်မင်း

ငြိမ်းချမ်းမှု

 

တကယ်ငြိမ်းချမ်းမှုကိုလိုချင်တယ်ဆိုရင်
မိမိစိတ်ကို တည်ငြိမ်အောင် အရင်လုပ်ပါ လူသားအားလုံးသည်
စိတ်၏ ခိုင်းစေမှု ကို မငြင်းသာဘဲ အမြဲလုပ်နေရသည့် စိတ်ကျွန်များ
ဖြစ်နေကြသည် သို့သော် တစ်ခါတစ်ရံမှာ စိတ်က ကောင်းတာခိုင်းတာကိုပင်
ငြင်းဆန်မိချင်သေးသည်… အမြဲတမ်းစိတ်က ကောင်းတာချည်းမခိုင်းပါ
ဆိုးတာခိုင်းတာက များပါသည် ဒါကြောင့် အကောင်းအဆိုးကို မိမိဦးနှောက်ဖြင့်
ဆုံးဖြတ်ပြီး စိတ်ခိုင်းသမျှ အကုန်လုပ်နေရသော စိတ်ကျွန်ဘ၀မှ လွတ်လျှင်
ငြိမ်းချမ်းမှုအစစ်ကိုရှာတွေ့ပါလိမ့်မယ်
-ဂဠုန်မင်း